လီဗာပူးအသင်းဟာ တိုက်စစ်မှူး ဆာလက်ရဲ့ တစ်လုံးတည်းသော ပင်နယ်တီသွင်းဂိုးနဲ့ ဘရိုက်တန်ကို အဝေးကွင်းမှာ အနိုင်ယူကာ အဖိုးတန် သုံးမှတ် ရယူပြီး အမှတ်ပေးဇယားထိပ်မှာ ဆက်လက် ရပ်တည်နေပါတယ်။ လီဗာပူးမှာ ဗဟိုခံစစ်မှူးများ ဒဏ်ရာပြဿနာတွေ ရှိနေတာကြောင့် ဒီပွဲမှာ ကွင်းလယ်ခံစစ်သမား ဖာဘင်ညိုကို ဗဟိုခံစစ်မှာ ဗန်ဒိုက်နဲ့ တွဲဖက် ကစားစေခဲ့ပါတယ်။

လီဗာပူး ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ သူ့နေရာမှာတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ခံစစ်မှူး ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ် ခံစစ်မှူး ဟမ်းမဲလ်က ချီးကျူးစကား ဆိုလိုက်ပါတယ်။ ဟော်လန်သားကြီးက တွစ်တာမှာ သူ့ပရိသတ်တွေနဲ့ “ask me anything” အစီအစဉ် အမေးအဖြေလုပ်ရင်း ထိုသို့ ဖြေကြားခဲ့ဖြင်း ဖြစ်ပါတယ်။

ဆီနီဂေါသား လီဗာပူးတောင်ပံတိုက်စစ်မှူး ဆာဒီယိုမာနေးဟာ ဘရိုက်တန်နဲ့ပွဲစဉ်မှာ လီဗာပူးအတွက် ကစားခဲ့တာ ပွဲ ၁၀၀ ပြည့်သွားခဲ့ပါပြီ။ မာနေးဟာ ၂၀၁၆ မှာ ဆောက်သမ်တန်အသင်းကနေ လီဗာပူးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းက နယူးကာဆယ်ကို အိမ်ကွင်းမှာ 2-1 နဲ့ အနိုင်ရသွားပါတယ်။ ဂိုးတွေကိုတော့ ပက်ဒရိုနဲ့ ဝီလီယမ်တို့က သွင်းယူခဲ့တာပါ။

ချယ်ဆီးအသင်း ပစ်မှတ်ထားနေတဲ့ နာပိုလီ ခံစစ်မှူး ဟိုက်ဆက်ရဲ့ အေးဂျင့်ဖြစ်သူက ဒီလထဲမှာ ကစားသမားကို ခေါ်ယူနိုင်ခြင်း မရှိလျှင် နာပိုလီနဲ့သက်တမ်းတိုး စာချုပ် ချုပ်ဆိုတော့မှာ ဖြစ်ကြောင်း ဆာရီကို သတိေးလိုက်ပါတယ်။ ချယ်ဆီးနည်းပြ ဆာရီက ၄င်းရဲ့တပည့်ဟောင်း ညာခြမ်းခံစစ်မှူး ဟိုဆက်နဲ့ ပြန်လည် ပူးပေါင်းလိုနေပါတယ်။

ချယ်ဆီးအသင်းဟာ ပြင်သစ်ကွင်းလယ်ကစားသမား ရာဘီရော့ကို ခေါ်ယူဖို့ ပီအက်ဂျီသို့ ဆက်သွယ်မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းက ရာသီအကုန်မှ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရာဘီရော့ကို ခေါ်ယူဖို့ ဆွေးနွေးထားပြီး ဖြစ်တယ်လို့ သတင်းတွေ ရှိထားပေမယ့် ဆာရီကတော့ ကွင်းလယ်အင်အားဖြည့်တင်းချင်သေးတဲ့ သဘောနဲ့ မေးမြန်းထားပါတယ်။

အာဆင်နယ်ဟာ လန်ဒန်မြို့ခံပြိုင်ဘက် ၀က်စ်ဟမ်းကို ရိုက်စ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။ ပွဲအပြီးမှာ အချက် အလက်များအရ အာဆင်နယ်ဟာ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ် ၅ပွဲမှာ ၂ မှတ်သာ ရယူထားနိုင်တာ တွေ့ရပါတယ်။ ၅ ပွဲမှာ နိုင်ပွဲ မရှိခဲ့ဘဲ သရေ ၂ ပွဲ ရှုံးပွဲ ၃ ပွဲ ထိ ရှိသွားခဲ့တာပါ။

အာဆင်နယ်ကွင်းလယ် ဖန်တီးရှင် အိုဇေးလ်ကို ၀က်စ်ဟမ်းနဲ့ပွဲမှာ ချန်လှပ်ခဲ့တဲ့အပေါ် အမ်မရီတစ်ယောက် ဝေဖန်မှုများစွာ ရင်ဆိုင်နေရပါတယ်။ ပွဲအပြီးမှာ အမ်မရီက ၀က်စ်ဟမ်းနဲ့ပွဲအတွက် နည်းဗျူဟာပိုင်းအရ အကောင်းဆုံး ကစားသမားများကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်းနဲ့ အိုဇေးလ် ပါသည် ဖြစ်စေ မပါသည်ဖြစ်စေ ရလဒ်က ပြောင်း မသွားနိုင်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

အာဆင်နယ်မှ မန်စီးတီးသို့ ထွက်ခွာစဉ် ပရိသတ်များနဲ့ ပြဿနာ အနည်းအကျဉ်း ရှိခဲ့တဲ့ လက်ရှိ ၀က်စ်ဟမ်း ကစားသမား နာဆရီက ၄င်း အနေနဲ့ အာဆင်နယ်အတွက် ချစ်ခြင်းကလွဲပြီး တခြား ဘာမှ မရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ၀က်စ်ဟမ်းနဲ့ အာဆင်နယ်ပွဲမှာတော့ နာဆရီက အသင်းဟောင်းဘက် သွင်းဂိုးအတွက် ဂိုးထောက်ပံ့မှု ပြုလုပ်ပေးခဲ့ပါတယ်။

ရာသီကုန်ရင် စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်တဲ့ မန်စီးတီးခံစစ်မှူး မန်လာဂါကို ၄င်းရဲ့ အသင်းဟောင်း ပေါ်တိုက ပြောင်းရွှေ့ကြေး အလွတ်နဲ့ ပြန်လည်ခေါ်ယူရန် ကြံရွယ်နေပါတယ်။ ၂၀၁၄ က မန်လာဂါကို မန်စီးတီးအသင်း ပေါင် ၄၂ သန်း သုံးပြီး ခေါ်ယူခဲ့ရတာ ဖြစ်ပြီး ခုချိန်မှာတော့ အလွတ်နဲ့ အသင်းဟောင်းဆီ ပြန်လည် ခွင့်ပြုရဖွယ် ရှိနေပါတယ်။

ချီလီမှာ ခွဲစိတ်ကုသမှု ခံယူပြီး ပြန်လည်ထူထောင်လာတဲ့ မန်စီးတီး ဂိုးသမား ဘရာဗိုဟာ သက်သာကောင်းမွန်လာဖို့ နောက်ထပ် လအနည်းငယ် ထပ်ကြာဖွယ် ရှိနေပါတယ်။ ဘရာဗိုရဲ့ ခွဲစိတ်ချုပ်ရိုးမှ ပိုးဝင်တဲ့အတွက် ထပ်မံကုသမှု ခံယူရဖို့ ရှိနေတာပါ။

မန်စီးတီးအသင်းဟာ နာပိုလီအသင်းမှ ဘရာဇီးသား ကွင်းလယ် အလန်ကို ခေါ်ယူဖို့ တိတ်တဆိတ် ချဉ်းကပ် ကြိုးစားနေတယ်လို့ သတင်း ထွက်လာပါတယ်။ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကစားသမားကို မန်စီးတီး စိတ်ဝင်စားနေတာက ဒီတလော အီတလီသတင်းတွေထဲမှာ ပါနေပါပြီ။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက စပါးနဲ့ပွဲ မှာ ရိုးစင်းတဲ့ ခံစစ်အခင်းအကျင်းမျိုး နဲ့ ကစားမှာ မဟုတ်ဘဲ အသင်းသားတွေကို သူ့ရဲ့ ပုံစံအတိုင်း တိုက်စစ် ဦးစားပေး ပုံစံ ဆက်လက်ထိန်းသိမ်းသွားဖို့ မျှော်လင့်နေပါတယ်။ နော်ဝေသားကြီးဟာ ယူနိုက်တက်ကို စတင် ကိုင်တွယ်တည်းက တိုက်စစ်အားသန် ပေါက်ကွဲဟန်အပြည့်နဲ့ အသင်းကို မောင်းနှင်နေတာပါ။

မန်ချက်စတာ ယူနိုက်တက် ဂန္ဒ၀င်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က စပါးနဲ့ပွဲကြို ယူနိုက်တက်အသင်း ထရိန်နင် ပြုလုပ်နေတဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းသို့ လာရောက်ခဲ့တာ သတင်းသမားများ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဖာဂူဆန်က မျက်နှာကို နေအကာနဲ့ ကွယ်ထားပေမယ့်လည်း အမိအရ ဓာတ်ပုံရိုက်ခဲ့ကြတာပါ။

ဗလင်စီယာဟာ အင်တာမီလန်အသင်းနဲ့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီး မန်ချက်စတာယူနိုက်တက် ကစားသမားဘ၀ တစ်ခန်းရပ်ကာ အိုးထရက်ဖို့မှ ထွက်ခွာဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် တောင်ပံကစားသမားကို ယူနိုက်တက်ဘက်က သက်တမ်းတိုးမှာ မဟုတ်ကြောင်း အင်တာမီလန်ဘက်က သတိပြုမိကာ ခြေလှမ်းစခဲ့တာပါ။

အင်္ဂလန်သား တော့တင်ဟမ်စပါး ကွင်းလယ်ကစားသမား ဟယ်ရီဝင့်က ပိုချက်တီနို ဦးဆောင်တဲ့ စပါးအသင်းဟာ ပရီးမီးယားလိဂ် ဗိုလ်စွဲနိုင်တဲ့ အရည်အချင်း ရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စပါးအသင်းက ဒီဇင်ဘာလထဲမှာ ပရီးမီးယားလိဂ် ၅ပွဲဆက် နိုင်ခဲ့ပေမယ့် အိမ်ကွင်းမှာ ၀ုဗ်ကို ရှုံးကာ နိုင်ပွဲများ အဆုံးသတ်ခဲ့ရတာပါ။ ဒါပေမယ့် ၀င့်ကတော့ စပါးအသင်း ဒိထက် ပိုကောင်းကောင်းလုပ်နိုင်ပြီး တိုးတက်လာမယ် ယုံကြည်နေပါတယ်။

ရီးရဲလ်မက်ဒရစ်က ပစ်မှတ်ထားနဲ့ ၄င်းတို့ရဲ့ အဓိက တိုက်စစ်မှူးကို အသင်းကနေ အလွယ်တကူ ထွက်ခွာ မသွားစေဖို့ အသင်းဥက္ကဌ Levy က တန်ကြေး သတ်မှတ်ပေးထားပါတယ်။ ကိန်းကို အနည်းဆုံး ယူရို သန်း ၃၅၀ နဲ့ ကမ်းလှမ်းမှ သာ လက်ခံစဉ်းစားမယ်လို့ ၄င်းက ဆိုပြီး အဲရစ်ဆန်အတွက်လည်း ယူရို သန်း ၂၅၀ တန်ကြေး သတ်မှတ်ထားပါတယ်။