စပါးနဲ့ လစ်ဗာပူးလ် ကစားသမားဟောင်း၊ Sky Sports ရဲ့ ရုပ်သံတင်ဆက်သူ တစ်ဦးဖြစ်တဲ့ ဂျေမီရက်ဂ်နက်က လက်ရှိရာသီအကုန်မှာတော့ နည်းပြအမ်မရီရဲ့ အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားမှာ ထိပ်ဆုံးလေးသင်း စာရင်းထဲဝင်ရောက်နိုင်ခြေမရှိဘူးလို့ အချက်ကျကျ ရှင်းပြသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ စနေနေ့က ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာတော့ဒက်ကလန်ရိုက်စ်ရဲ့ သွင်းဂိုးတစ်ဂိုးထဲနဲ့ အဝေးကွင်းမှာ အရှုံးရလဒ်ကို ရင်ဆိုင်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။ ရက်ဂ်နက်က အာဆင်နယ်အနေနဲ့ လက်ရှိဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ နည်းပြအမ်မရီအတွက် ကစားသမားသစ်ခေါ်ယူပေးခြင်းမရှိပဲ ဆက်လက်သွေးအေးနေပါက ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်လိမ့်မယ်လို့ သတိပေးသွားခဲ့ပါတယ်။

Sky Sports ရုပ်သံကိုပြောကြားရာမှာတော့ ရက်ဂ်နက်က “အာဆင်နယ်အနေနဲ့ လုံလုံလောက်လောက် ကောင်းမွန်နေတယ်လို့ ကျွန်တော်မထင်ပါဘူး၊ သူတို့အနေနဲ့ ကြိုက်တဲ့ ကစားကွက်နဲ့ ကစားလို့ရပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ ကစားသမားအစုအဖွဲ့ကို ကြည့်မယ်ဆိုရင် သူတို့ဟာ ထိပ်ဆုံးလေးသင်းနားကို ရောက်လောက်အောင် လုံလုံလောက်လောက်ကောင်းမွန်ခြင်းမရှိပါဘူး၊ ကျွန်တော်သူတို့အသင်းရဲ့ ပရိသတ်တွေအတွက်တော့ စိတ်မကောင်းပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့ဟာ ဒီလိုအချိန်မျိုးမှာ အငှားချထားတဲ့ ကစားသမားတွေကိုပဲ ပြန်ခေါ်ယူမယ့် အကြောင်းတွေကို ပြောနေကြရပါတယ်၊ အခြားအသင်းကြီးတွေကတော့ ဒီလိုအချိန်မှာ အသင်းတိုးတက်ဖို့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်နေကြပါတယ်၊ အာဆင်နယ်ဟာ အသင်းကြီးတစ်သင်းပါ၊ သူတို့ရဲ့ ပရိသတ်တွေအနေနဲ့ ဒီထက်မက ပိုပြီး ထိုက်ထိုက်တန်တန် ပြန်ရသင့်ပါတယ်” လို့ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး ရက်ဂ်နက်က “ပွင့်ပွင့်လင်းလင်းပြောရရင် နည်းပြအမ်မရီဟာ အစုအဖွဲ့ကောင်းတဲ့ အာဆင်နယ်ကိုစတင်ကိုင်တွယ်ခဲ့ရတာ မဟုတ်ပါဘူး၊ လက်ရှိအချိန်မှာ သူတို့ အဝေးကွင်းပွဲစဉ်တွေမှာ ရုန်းကန်နေရတယ်ဆိုတာဟာလည်းမဆန်းပါဘူး” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီနှစ်ခုမှာလည်း အဆင့် (၄) ထဲဝင်ခွင့်မရခဲ့တာ ဖြစ်ပါတယ်။ လက်ရှိရာသီမှာလည်း အာဆင်နယ်ဟာ ပထမရာသီဝက်မှာတုန်းက နိုင်ပွဲတွေဆက်တိုက်ရရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ တော့ ထိပ်ဆုံးလေးသင်းနဲ့ တစ်ဖြည်းဖြည်းဝေးကွာတဲ့ အနေအထားကို ရောက်ရှိလာပါတယ်။ အာဆင်နယ်ဟာ စနေနေ့ညကပွဲစဉ်မှာ ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တာကြောင့် အဆင့်(၄) မှာရပ်တည်နေတဲ့ချဲလ်ဆီးနဲ့ ရမှတ် (၆) မှတ်အထိကွာဟသွားခဲ့ပါတယ်။