လစ်ဗာပူးလ်တိုက်စစ်မူး ဒန်နီယယ်စတာရစ်ခ်ျဟာ အမေရိကန်မေဂျာလိဂ် အသင်းတစ်သင်းရဲ့ ကမ်းလှမ်းမှုကို ရရှိသွားဖို့ ရှိတယ်လို့ ဖော်ပြထားပါတယ်။ အသက် (၂၉) နှစ်အရွယ် အင်္ဂလန်သား စတာရစ်ခ်ျဟာလက်ရှိရာသီမှာလည်း နည်းပြယာဂင်ကလော့ပ်လက်အောက်မှာ ပွဲထွက်ခွင့်နည်းပါးနေတဲ့ အပြင် ၄င်းရဲ့ စာချုပ်သက်တမ်းဟာနောက်ဆုံး (၆) လထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။ စတာရစ်ခ်ျကို ကမ်းလှမ်းလာနိုင်တဲ့ အသင်းကတော့ ဒေးဗစ်ဗီလာနေရာမှာအစားထိုးနိုင်မယ့် တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေတဲ့ နယူးယောက်စီးတီး အသင်းဖြစ်နိုင်တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၄င်းတို့ရဲ့ ကွင်းလယ်လူ ဖယ်လိုင်နီကို လက်ရှိဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပဲ ရောင်းချသွားဖို့ စဉ်းစားနေတယ် လို့ ဒေးလီးမေး သတင်းဌာနကဖော်ပြထားပါတယ်။ ဖယ်လိုင်နီဟာ နည်းပြမော်ရင်ဟိုလက်ထက်မှာ ခဏခဏ ပွဲထွက်ခွင့်ရရှိပေမယ့်လည်း ယာယီနည်းပြ ဆိုးရှားရောက်ရှိလာတဲ့ အချိန်မှာတော့ ပွဲထွက်ခွင့် ပျောက်ဆုံးနေတာဖြစ်ပါတယ်။ ဖယ်လိုင်နီကို အေစီမီလန်၊ ပေါ်တိုတို့အပြင် တရုတ်နဲ့ တူရကီကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

အက်သလက်တီကိုအသင်းဟာ ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာကို အပြီးသတ်ဝယ်ဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆို ထားတယ်လို့ Daily Mail ကဖော်ပြထားပါတယ်။ မိုရာတာဟာ လက်ရှိအပြောင်းအရွှေ့ကာလမှာ စတမ်းဖို့ဒ်ဘရစ်ခ်ျကနေ ထွက်ခွာလိုနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အက်သလက်တီကိုကတော့ စပိန်သားတိုက်စစ်မှူးကို လက်ရှိရာသီအကုန်အထိသာ(၆) လစာချုပ်နဲ့ အငှားခေါ်ယူသွားလိုနေတာ ဖြစ်ပြီး အပြီးသတ်ဝယ်ယူလိုခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ချဲလ်ဆီးကတော့တိုက်စစ်မှူးအသစ်ခေါ်ယူဖို့အတွက် မိုရာတာကို အပြီးသတ်ရောင်းချလိုနေပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ ရာသီကုန်မှာ ကစားသမားဘဝက အနားယူတော့မယ့် ဂိုးသမားဟောင်း ပီတာချက်ကို အသင်းမှာ နေရာတစ်နေရာပေးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ပီတာချက်ဟာ ပြီးခဲ့တဲ့ အင်္ဂါညကပဲသူ့အနေနဲ့ လက်ရှိရာသီအကုန်မှာ ကစားသမားဘဝကနေ အနားယူတော့မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးမှာ (၁၁) နှစ်ကြာ ကစားပေးခဲ့တဲ့ ပီတာချက်အနေနဲ့ ချဲလ်ဆီးအကယ်ဒမီရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ လတ်တလော ဘိုင်ယန်အသင်းမှာ နေရာမရဖြစ်နေတဲ့ ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်စ်ကို(၆) လအငှားနဲ့ ခေါ်ယူသွားလိုတယ်လို့ Daily Mail ကဖော်ပြထားပါတယ်။ အသက် (၂၇) နှစ်အရွယ် ကိုလံဘီယာသားဟာရီးရဲလ်ကနေ ဘိုင်ယန်ကို (၂) နှစ်အငှားနဲ့ လာရောက်ကစားနေတာဖြစ်ပြီး နောက်ဆုံး (၆) လထဲကို ဝင်ရောက်လာတဲ့အချိန်မှာပုံမှန်ပွဲထွက်ခွင့်နည်းပါးလာခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ ဂျိမ်းစ်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့အတွက် ပေါင်(၃)သန်းကုန်ကျသွားနိုင်တယ်လို့ သိရပါတယ်။

အီတလီကလာတဲ့ သတင်းတွေအရ နိုက်စ်အသင်းရဲ့ တိုက်စစ်မှူး ဘာလိုတယ်လီဟာ မာဆေးလ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ အီတလီတိုက်စစ်မှူး ဘာလိုတယ်လီဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာကတည်းကမာဆေးလ်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခြင်း ခံခဲ့ရတာဖြစ်ပေမယ့် ကစားသမားရဲ့လုပ်ခလစာတောင်းဆိုမှု များတာကြောင့်ညှိနှိုင်းမှုအဆင်မပြေဖြစ်ခဲ့တာ ဖြစ်ပါတယ်။ Sky Sports Italia ရဲ့ဖော်ပြချက်မှာတော့ လက်ရှိရာသီအကုန်မှာ ဘာလိုတယ်လီဟာမာဆေးလ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခြဲ့ပီလို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဖရန့်ဖတ်အသင်းရဲ့ တိုက်စစ်မှူး လူကာဂျိုဗစ်ကို ခေါ်ယူဖို့ ယူရို (၃၅) သန်းပေးပြီး ခေါ်ယူဖို့အဆင်သင့်ဖြစ်နေတယ်လို့ Cadena Cope သတင်းဌာနကဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာဟာ တိုက်စစ်မှူး မြူနီယာ ထွက်ခွာသွားမှုကြောင့် ဆွာရက်ဇ်ရဲ့ အရန် တိုက်စစ်နေရာမှာ အဆင်သင့်ရှိနေစေဖို့အတွက် တိုက်စစ်မှူးအသစ်တစ်ဦးကို ရှာဖွေနေတာ ဖြစ်ပါတယ်။ဘာစီလိုနာရဲ့အထွေထွေမန်နေဂျာ ပက်ဆီဂူရာဟာ အဆိုပါ ခရိုအေးရှားသားလေးကို ခေါ်ယူဖို့ ဖိအားပေး တောင်းဆိုနေတယ်လို့သိရပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ဂျီနိုအာတိုက်စစ်မှူး ပီယာတက်ကို ပေါင် (၃၁) သန်းနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်းပယ်ချခံလိုက်ရတယ်လို့ သိရပါတယ်။ အသက် (၂၃) နှစ်အရွယ် တိုက်စစ်မှူးလေး ပီယာတက်ကို ဘာစီလိုနာ၊ အေစီမီလန်နဲ့ရီးရဲလ်မက်ဒရစ်တို့ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းကတော့ အဆိုပါဥရောပအသင်းကြီးတွေထက် လက်ဦးမှု ရယူပြီး တရားဝင်ကမ်းလှမ်းခဲ့ပေမယ့်လည်း ဂျီနိုအာကတော့ သူတို့ရဲ့ ကစားသမားကို ဇန်နဝါရီလထဲမှာ ထွက်ခွာခွင့်ပြုမှာ
မဟုတ်ဘူးလို့ သိရပါတယ်။

မန်ယူဗဟိုနောက်ခံလူ မားကို့စ်ရိုဟိုဟာ လာမယ့်နွေရာသီမှာတော့ အိုးထရက်ဖို့ဒ်ကို စွန့်ခွာသွားဖို့ ရှိတယ်လို့ The Telegraph သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းနေရတဲ့ အသက် (၂၉) နှစ်အရွယ် အာဂျင်တီးနားသားဟာ လက်ရှိရာသီမှာ ယူနိုက်တက်အတွက် (၁၄၉) မိနစ်သာ ကစားရသေးတယ်လို့ သိရပါတယ်။ ကစားသမားဟာသူ့ရဲ့ဒဏ်ရာပြဿနာတွေကြောင့် လက်ရှိဇန်နဝါရီမှာ အသင်းပြောင်းဖို့ အဆင်မပြေသေးပေမယ့်လည်း ရာသီအကုန်မှာတော့ မန်ယူကလည်း ရောင်းချသွားနိုင်တယ်လို့ သိရပါတယ်။

စီးရီးအေကလပ် အေစီမီလန်အသင်းဟာ စပို့တင်းစီပီ အသင်းရဲ့ ဗဟိုခံစစ်မှူး တီယာဂို ဒီယာလိုကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ Gianluca Di Marzio သတင်းဌာနက ဖော်ပြထားပါတယ်။ လာဇီယိုအသင်းဟာလည်း အဆိုပါ အသက် (၁၈)နှစ်အရွယ် ခံစစ်မှူးလေး ဒီယာလိုကို အပြိုင်စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အဆိုပါ ပေါ်တူဂီသားလေးဟာ နိုင်ငံအသင်းအတွက်လည်း အသက်အရွယ်အလိုက် တောက်လျှောက်ပါဝင်ကစားခွင့် ရရှိထားတယ်လို့ သိရပါတယ်။