ယူနိုက်တက် ကစားသမားဟောင်း ဒီမာရီယာက ၄င်း အိုးထရက်ဖို့မှာ ရှိစဉ် ခြေစွမ်းမပြနိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရတာဟာ နည်းပြ ဗန်ဟားကြောင့် ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်မှာ တစ်နှစ်ပဲ ကြာခဲ့တဲ့ ဒီမာရီယာဟာ အင်္ဂလိပ် ပရီးမီးယားလိဂ် ကစားဟန်မှာ အသားမကျဘဲ ရုန်းကန်ခဲ့ရပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဗုဒ္ဓဟူးနေ့ အသင်း ထရိန်နင်မှာ ပါဝင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ သတင်းများအရတော့ ပေါ့ဘာရဲ့ ချစ်သူမိန်းကလေးက ရင်သွေးလေး ဖွားမြင်တာကြောင့် ဘရိုက်တန်နဲ့ပွဲကြို လေ့ကျင့်ရေး မလာနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီ အသင်းမှာ ရုန်းကန်နေရတဲ့ လူငယ်ကွင်းလယ်ကစားသမား မက် တော်မီနေးကို အငှားချရန် စဉ်းစားနေတယ်လို့ သိရပါတယ်။ တော်မီနေးဟာ မော်ရင်ညို ရှိစဉ်ကကော လက်ရှိ ဆိုးရှားနည်းပြနေတဲ့ အသင်းမှာပါ ပုံစံကောင်း ပြသနိုင်ခြင်း မရှိပါဘူး။ တော်မီနေးကို ခေါ်ယူလိုနေတဲ့ ကလပ်အသင်းတွေက အင်္ဂလန်ကကော စကော့တလန်ကပါ ရှိနေပါတယ်။

ဆာရီရဲ့ အသင်းမှာ ကစားခွင့်မရတဲ့အတွက် အီတလီသို့ ပြန်လိုကြောင်း တောင်းဆိုထားတဲ့ ညာခံစစ်မှူး ဇက်ပါကော်စတာဟာ လာဇီယို အသင်းသို့ ပြောင်းရွှေ့နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၈ မိနစ်သာ ကစားထားရတဲ့အတွက် ကစားသမားကိုယ်တိုင်က အသင်းကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေတာပါ။

ချယ်ဆီးတိုက်စစ်မှူး ဘတ်ရှူဝါရီကို ရာသီကုန်ထိ အငှားနဲ့ ခေါ်ယူဖို့အတွက် မိုနာကို အသင်းနဲ့ ဘတ်ရှူဝါရီရဲ့ အစောပိုင်း အငှားကလပ် ဗလင်စီယာနဲ့ သဘောတူညီမှုတွေ ရပြီး ဖြစ်ပေမယ့် ချယ်ဆီးအသင်းဘက်က ဘတ်ရှူဝါရီကို အပြီးသတ် ရောင်းချလိုနေတာကြောင့် ဆက်လက် စောင့်ကြည့်နေရဆဲ ဖြစ်တယ်လို့ မိုနာကိုအသင်း ဒုဥက္ကဌ ဖြစ်သူက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ချယ်ဆီးခံစစ်မှူး အီမာဆန် ပယ်မီရီကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ ကလပ်ထဲမှာ ဂျူဗင်တပ်အပြင် အက်သလက်တီကို မက်ဒရစ်လည်း ပါဝင်လာပါတယ်။ ဒီလထဲမှာပဲ ရောင်းချဖို့ ဆုံးဖြတ်ထားတဲ့ ပယ်မီရီနဲ့ ပတ်သတ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အက်သလက်တီကို တာဝန်ရှိသူတွေက ချယ်ဆီးအသင်းကို ဆက်သွယ်မေးမြန်းမှုတွေ ပြုလုပ်ထားပါတယ်။

အာဆင်နယ်ဟာ ဘိုင်ယန်မှာ အငှားလာကစားနေတဲ့ ရီးရဲလ်ကစားသမား ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို ပေါင် ၃ သန်း သုံးပြီး လက်ရှိ ရာသီအတွက် ခေါ်ယူမယ်ဆိုတဲ့ သတင်းများအပေါ် ဘိုင်ယန်အားကစား ဒါရိုက်တာ Salihamidzic ငြင်းပယ်လိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်က ဂျိမ်းစ်ကို ရာသီကုန်ထိ ခေါ်ထားမှာ ဖြစ်ပြီး ရာသီကုန်ရင် အပြီးသတ် ခေါ်ယူရမလားကိုတော့ စောင့်ကြည့်ဦးမယ်လို့ ပြောကြားလိုက်ပါတယ်။

ရာသီကုန်ရင် အာဆင်နယ်ကနေ ထွက်ခွာတော့မယ့် ကင်းထောက်ချုပ် မက်လင်တက်က အမ်မရီ အသည်းအသန် ခေါ်ယူချင်နေတဲ့ ဘာစီလိုနာ ကစားသမား ဒင်းနစ်ဆွာရက်ရဲ့ အပြောင်းအရွှေ့ကို သဘောတူညီမှု မရှိဘူးလို့ သတင်းများအရ သိရပါတယ်။ ဆွာရက်ကို ခေါ်ယူဖို့ လှုပ်ရှားနေတဲ့ ကိစ္စထဲမှာ အဓိက ပါဝင်နေတာက အမ်မရီနဲ့ ဆန်လီဟီး ဖြစ်တယ်လို့ ဆိုပါတယ်။

အာဆင်နယ်ဟာ လိဒ်ယူနိုက်တက်မှ လူငယ်တိုက်စစ်မှူး Jack Clarke ကို ခေါ်ယူဖို့ ခြေလှမ်းပြင်နေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာကမှ လိဒ်နဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုထားတဲ့ ခြေစွမ်းထက် လူငယ်လေးဟာ အသင်းမှာ လစာအနည်းဆုံးထဲ ပါဝင်နေတဲ့ အချက်ကို နင်းပြီး အာဆင်နယ်က ကမ်းလှမ်းဖို့ ကြံရွယ်နေတာပါ။

သတင်းဌာနများမှာ ဖော်ပြနေကြတဲ့ “လီဗာပူးက ဖိအားတွေနဲ့ ခြေချုပ်မိနေတဲ့ အသင်း မဟုတ်ဘူး။ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မှာ” ဆိုတဲ့ စကားတွေကို ၄င်း မပြောကြားခဲ့ကြောင်း လီဗာပူး တိုက်စစ်သမား မာနေးက ဒေါသတကြီး ငြင်းပယ်လိုက်ပါတယ်။ ၄င်းဟာ အာဖရိက ကစားသမား ဆုပေးပွဲမှာ ရောက်ရှိနေတာ ဖြစ်ပြီး ၄င်း မရှိတဲ့ အချိန်မှာ အဆိုပါ စကားများက မာဆေးဆိုဒ်သားတွေ ခါးသီးကြတဲ့ The Sun သတင်းဌာနက စတင်ရေးသားခဲ့တာ ဖြစ်ပြီး တဆင့် တဆင့် ကိုးကားရေးသားနေတဲ့ သတင်းမှား ဖြစ်တယ်လို့ မာနေးက ဖြေရှင်းထားပါတယ်။

လီဗာပူး လူငယ်တိုက်စစ်မှူး ဒန်ကန်ဟာ U18 အသင်းနဲ့အတူ ထရိန်နင်မှာ ပြန်လည် ပါဝင်လာတာ တွေ့ရပါတယ်။ ၄င်းဟာ လေ့ကျင့်ရေးကွင်း မှာ အသင်းဖော်နဲ့ ထိခိုက်မိပြီး နှာခေါင်း ဒဏ်ရာ ရသွားခဲ့တာပါ။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ တနင်္လာနေ့က ဘရိုက်တန်နဲ့ လူငယ်ပွဲစဉ်မှာ မပါဝင်ခဲ့ရပါဘူး။

လီဗာပူးအသင်းဟာ ဈေးကွက်ထဲမှာ ဈေးချိုပြီး ယုံကြည်စိတ်ချရတဲ့ ကွင်းလယ် ကစားသမားတစ်ယောက် ရှာဖွေနေပါတယ်။ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်ဖို့ ကလော့ပ်က ဒီလထဲမှာ ကစားသမားသစ် ခေါ်ယူနိုင်ဖို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့ပြီ ဖြစ်ကာ ကွင်းလယ် ခံစစ်နေရာအတွက် လိုလားနေတယ်လို့ သတင်းများအရ သိရပါတယ်။

မန်စီးတီး၊ ဂျူဗင်တပ်ကဲ့သို့ အင်အားကြီး ကလပ်အသင်းများက စိတ်ဝင်စားနေပေမယ့် ဘာစီလိုနာက ၄င်းတို့ အကယ်ဒမီ ကစားသမားလေး Ilaix Moriba ကို စာချုပ် ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ၁၆ နှစ်ပြည့်ကာစ လူငယ်လေး Ilaix က ဘာစီလိုနာရဲ့ အကယ်ဒမီမှာ နာမည်ကြီးကစားသမား ဖြစ်ပါတယ်။

ဒဏ်ရာရ ကစားသမားတွေလည်း ပြန်လာပြီ ဖြစ်တဲ့ မန်စီးတီးအသင်းဟာ တောင့်တင်းတဲ့လူစာရင်းနဲ့ အင်အားအပြည့် ယှဉ်ပြိုင် ကစားဖို့ လာမှာ ဖြစ်ကြောင်း ဒီတပတ် ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ရမယ့် ဟက်ဒါဖီးအသင်းကို မန်စီးတီးကစားသမား ဘာနာဒို ဆေးလ်ဗားက သတိပေးစကား ဆိုလိုက်ပါတယ်။ ဟက်ဒါဖီးအသင်းဟာ ဒေးဗစ်ဝဂ်နာ ထွက်ခွာသွားပြီ ဖြစ်လို့ မန်နေဂျာသစ် မခန့်အပ်ရသေးခင် မန်စီးတီးကို ရင်ဆိုင်ကစားရတော့မှာပါ။

လာပေါ်တေးနဲ့ တွဲဖက်ကာ ခြေစွမ်းပြနေတဲ့ ခံစစ်မှူး စတုန်းရဲ့ ခြေစွမ်းကို မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း Richard Dunne က ချီးကျူးစကား ဆိုလိုက်ပါတယ်။ ၄င်းက စတုန်းဟာ ကမ္ဘာ့အဆင့် ကစားသမားကောင်း တစ်ယောက် ဖြစ်လာမယ့် အလားအလာကောင်းတွေ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

စပါးတိုက်စစ်သမား ဆွန်ယောင်မင်က အာရှဖလားမှာ နိုင်ငံအသင်း တောင်ကိုရီးယားအတွက် ခြေစွမ်းပြ ကစားနေပါတယ်။ တရုတ်ကို ၂-၀ နဲ့ နိုင်တဲ့ပွဲမှာ ဆွန်က ပင်နယ်တီ တစ်ဂိုးနဲ့ ဂိုးထောက်ပံ့မှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။ ဆွန်ယောင်မင် ပါဝင်လာတဲ့ တောင်ကိုရီးယားအသင်းဟာ ယုံကြည်မှု အပြည့်နဲ့ဖြစ်လာခဲ့ပြီး ဖိလစ်ပိုင်၊ ကာဇက်စတန်တို့ကို ၁-၀ နဲ့ နိုင်စဉ်ကထက် များစွာ ခြေစွမ်းထက်လာခဲ့ပါတယ်။

တိုက်စစ်မှူး ကိန်း ဒဏ်ရာရသွားတဲ့အတွက် အကြပ်အတည်း ပိုတွေ့လာရပေမယ့် စပါးရဲ့ ဇန်န၀ါရီ အပြောင်းအရွှေ့ အစီအစဉ်တွေက ပြောင်းလဲမှာ မဟုတ်ကြောင်း ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။ စပါးဟာ ဒီအပြောင်းအရွှေ့မှာ ကစားသမား ၀ယ်ယူမှု ပြုလုပ်မှာ မဟုတ်ပါဘူး။ ဒီအခြေအနေက အကယ်ဒမီက လူငယ်ကစားသမားလေးတွေ အတွက် အစွမ်းပြဖို့ အခွင့်ကောင်း ဖြစ်တယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။