အက်သလက်တီကို အသင်းသို့ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိနေပေမယ့် ဒီတပတ် အာဆင်နယ်နဲ့ လန်ဒန် ဒါဘီပွဲမှာ တိုက်စစ်မှူး မိုရာတာ ပါဝင်ကစားဖွယ် ရှိကြောင်း ချယ်ဆီးနည်းပြ ဆာရီက ပြောကြားထားပါတယ်။ ချယ်ဆီးဟာ တိုက်စစ်မှူးသစ် ဟီဂူအင်ကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုကလည်း အထမြောက်သလောက် ဖြစ်နေပါပြီ။

ဘိုင်ယန်မြူးနစ်ဆီက ကမ်းလှမ်းမှု ရရှိထားပေမယ့် ချယ်ဆီးအသင်းဟာ လူငယ်တိုက်စစ်သမား အိုဒွိုင်းကို စာချုပ်သစ်အတွက် ဆွေးနွေးမှုများ လုပ်နေပါတယ်။ ချယ်ဆီးဟာ အသက် ၁၈ နှစ်အရွယ် လူငယ် တောင်ပံတိုက်စစ်သမားအတွက် လစာတိုးမြှင့်ပြီး ကစားခွင့် ပိုပေးမယ့် ကမ်းလှမ်းမှုနဲ့ ညှိနှိုင်းနေတာပါ။

ဖာဘရီဂတ်စ်နေရာ အစားထိုးဖို့ ချယ်ဆီး ပစ်မှတ်ထားနေတဲ့ အာဂျင်တိုင်းသား ကွင်းလယ်ကစားသမား Leandro Paredes ကို ခေါ်ယူဖို့ ကြိုးပမ်းမှုထဲ ပီအက်စ်ဂျီအသင်းပါ ၀င်ရောက် ပြိုင်ဆိုင်နေပြီ ဖြစ်ကာ ပြင်သစ် အင်အားကြီးကလပ်က ကစားသမားအတွက် ပေါင် ၃၁ သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ထားပါတယ်။

အာဆင်နယ်ဟာ ချယ်ဆီးနဲ့ ကစားထားတဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၁ ပွဲသာ နိုင်ပွဲ ရှိထားပြီး သရေ ၅ ပွဲ ရှုံးပွဲ ၈ ပွဲထိ ရှိထားပါတယ်။ တစ်ပွဲတည်းသော နိုင်ပွဲက စက်တင်ဘာ ၂၀၁၆ က အမ်းမရိတ်မှာ ၃ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီ ရုန်းကန်နေရတာဟာ အပြစ်မဆိုသာဘဲ ယခင်နည်းပြ အာဆင်ဝင်းဂါးဆီက ၄င်း ဆက်ခံခဲ့တဲ့ ဟန်ချက်မညီတဲ့ အသင်းလူစာရင်း၊ ခြေစွမ်းမတည်ငြိမ်တဲ့ နာမည်ကြီး ကစားသမားများ၊ ၀န်ပိစေတဲ့ စာချုပ်များနဲ့ အရှုပ်အထွေးများစွာကြောင့် ဖြစ်တယ်လို့ လီဗာပူး ကစားသမားဟောင်းကြီး ကာရေဂါက သုံးသပ်လိုက်ပါတယ်။

စနေည လန်ဒန်ဒါဘီ ပွဲစဉ်မှာ အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီက ယခင်ပွဲစဉ်များမှာ ချန်လှပ်ထားခဲ့တဲ့ အိုဇေးလ်ကို ပြန်လည် ပါဝင်ခွင့် ပေးဖွယ် ရှိပါတယ်။ အဆိုပါ ပွဲစဉ်အတွက် ယခင် ဒဏ်ရာရ ကစားသမား ဖြစ်တဲ့ ရော့ဘ် ဟိုးဒင်း၊ မီခီတာရန်နဲ့ ၀ဲလ်ဘတ်တို့ အပြင် ထပ်တိုး ဒဏ်ရာရ ကစားသမားသစ်များ မရှိပါဘူး။

သတင်းများအရ ယူနိုက်တက် ကစားသမားတွေဟာ ယာယီနည်းပြ ဆိုးရှားကို ဘောလုံးရာသီကုန်လျှင်လည်း အသင်းမှာ အမြဲတမ်း နည်းပြ အဖြစ် ဆက်လက် တာဝန်ယူသွားစေလိုနေကြပါတယ်။ ဆိုးရှားဟာ ဖြေဖျော်မှု အပြည့်ပေးတဲ့ တိုက်စစ်ကစားဟန်နဲ့ ယူနိုက်တက်ကို ပြန်လည်တည်ဆောက်နေပြီး ကစားထားပြီးတဲ့ ၆ ပွဲလုံး နိုင်ပွဲရအောင် စွမ်းဆောင်ထားပါတယ်။

အသက် ၂၀ အရွယ် မန်ချက်စတာ ယူနိုက်တက် လူငယ်ဗဟိုခံစစ်မှူး Regan Poole က ရာသီကုန်သည်အထိ လိဂ်တူး ကလပ် နယူးပို့ကောင်တီမှာ အငှားသွားရောက် ကစားဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဘယ်လ်ဂျီယံသား ကွင်းလယ်ကစားသမား ဖယ်လိုင်နီကို ခြေသလုံးဒဏ်ရာကြောင့် သီတင်းပတ် အတန်ကြာ လက်လွှတ်ရတော့မှာ ဖြစ်ပြီး ချီလီသား တိုက်စစ်သမား ဆန်းချက်ကတော့ ဒီတပတ် ဘရိုက်တန်နဲ့ပွဲမှာ ယူနိုက်တက်နဲ့ အတူ ပြန်လည် ပါဝင် ကစားနိုင်ဖွယ် ရှိပါတယ်။

လီဗာပူး ညာခြမ်းခံစစ်မှူး ထရန့် အလက်ဇန္ဒါး အာနိုးဟာ ဘရိုက်တန်နဲ့ပွဲမှာ ဒူးဒဏ်ရာ ရခဲ့တာကြောင့် သီတင်းပတ် အတန်ကြာ အနားယူရဦးမယ် ထင်ခဲ့သော်လည်း အံ့အားသင့်ဖွယ် အခြေအနေတိုးတက် ကောင်းမွန်လာကာ ဒီတစ်ပတ် ပဲလေ့စ်နဲ့ပွဲမှာပါ ပါဝင်နိုင်ခြေ ကြည့်မလား စောင့်ကြည့်နေကြတယ်လို့ ကလော့ပ်က ပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်ပွဲစဉ် အဖြစ် ပဲလေ့စ်ကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် အိမ်ကွင်း ၁၆ ပွဲမှာ တစ်ဂိုးထက် ပိုပြီး မပေးထားရပါဘူး။ ဒါ့အပြင် ပေးဂိုး မရှိ clean sheet ၁၂ ပွဲ ရထားပြီး ပေးဂိုး ၄ဂိုး သာ ရှိတာပါ။

ဟက်ဒါဖီးနဲ့ ရင်ဆိုင်ရမယ့်ပွဲအတွက် မန်စီးတီးမှာ ဒဏ်ရာရ ပွဲပယ် ကစားသမား ထပ်တိုးများ ရှိမနေပါဘူး။ ကြွက်သားဒဏ်ရာ ရှိနေတဲ့ အသင်းခေါင်းဆောင်း ကွန်ပနီက ပြန်ကစားနိုင်ရန် နီးစပ်နေပြီ ဖြစ်ပြီး နိုဝင်ဘာလတည်းက ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ မန်ဒီလည်း လာမယ့် သီတင်းပတ်များအတွင်း ပြန် ပါဝင်လာတော့မယ်လို့ သိရပါတယ်။

မန်စီးတီး မန်နေဂျာ ပက်ဂွာဒီယိုလာက ကာရာဘောင်း ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဘာတန်ကို ၉ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ဖြစ်လို့ ဒုတိယအကျော့မှာ လူငယ်ကစားသမားတွေကို အခွင့်အရေးပေးဖို့ ဆုံးဖြတ်ထားကြောင်း ပြောကြားလိုက်ပါတယ်။ ထို သီတင်းပတ်မှာ မန်စီးတီး U21 အသင်းကတော့ Checkatrade ဖလား ကွာတားဖိုင်နယ်ပွဲစဉ် ဆန်းဒါးလန်းနဲ့ ကန်ဖို့ ရှိပေမယ့် ဂွာဒီယိုလာကတော့ လူငယ်ကစားသမားတွေ ခေါ်ယူလိုနေပါတယ်။

ချန်ပီယံရှစ်မှ လိဒ်ယူနိုက်တက် အသင်း မန်နေဂျာဟာ ပြိုင်ဘက်အသင်းများရဲ့ လေ့ကျင့်ရေးတွေမှာ စပိုင်စေလွှတ်ပြီး လေ့လာသတင်းယူတဲ့ ကိစ္စတွေ ရှိနေလို့ အင်္ဂလန် ဘောလုံးရပ်ဝန်းမှာ ဝေဖန်ပြစ်တင်မှုများ ခံယူနေရပါတယ်။ စီးတီး မန်နေဂျာ ပက် ဂွာဒီယိုလာကတော့ လိဒ်နည်းပြ ဘိုင်ရယ်ဆာ အတွက် လေးစားမှု ရှိကြောင်း၊ လူတိုင်းမှာ သူ့အကြောင်းပြချက်နဲ့ သူ ရှိပြီး ၄င်း ကိုယ်တိုင်လည်း အင်္ဂလန်မှာ မဟုတ်ပေမယ့် ယခင်က ပြိုင်ဘက်အသင်းများကို ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ဖူးတယ်လို့ ၀န်ခံသွားပါတယ်။

တော့တင်ဟမ် စပါးအသင်း ဒဏ်ရာရ စာရင်းမှာ ယူနိုက်တက်နဲ့ပွဲပြီးနောက် ကိန်း က ခြေကျင်းဝတ် ဒဏ်ရာနဲ့ နှစ်လကြာ၊ ဆစ်ဆိုခို ပေါင်ခြံဒဏ်ရာကြောင့် နှစ်ပတ်ကြာ နားရဖို့ ရှိပါတယ်။ နိုင်ငံပွဲတွေ အတွက် ပြန်သွားတဲ့ ဆွန်ယောင်မင်လည်း မပါဝင်နိုင်သလို ဒူးဒဏ်ရာနဲ့ လူးကပ် မိုရာကလည်း ဒီတစ်ပတ် ဖူလ်ဟမ်နဲ့ပွဲ လွဲချော်မှာပါ။ ဒါပေမယ့် အူအတက် ခွဲစိတ်မှု ခံယူထားခဲ့တဲ့ အဲရစ် ဒိုင်ယာ ပြန်လည် ပါဝင်ကစားနိုင်ဖွယ် ရှိပါတယ်။

၂၀၁၈ အတွက် အင်္ဂလန် အကောင်းဆုံး ကစားသမားဆုကို စပါးနဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက ရရှိသွားပါတယ်။ ကိန်းဟာ အဆိုပါဆုကို ၂ နှစ်ဆက် ရရှိခဲ့တာ ဖြစ်ပါတယ်။ ကိန်းက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို ဦးဆောင်ပြီး ဆီမီးဖိုင်နယ်ထိ အောင်မြင်မှု ရခဲ့ပါတယ်။ ပြိုင်ပွဲတလျောက် ၆ ဂိုးထိ သွင်းယူခဲ့ပြီး ရွှေဖိနပ်ဆုပါ ရရှိခဲ့တာပါ။