မန်ချက်စတာယူနိုက်တက်အသင်းဟာ ပီအက်စ်ဗွီတောင်ပံကစားသမားလေး စတီဗင်ဘာဂ်ဝင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Mirror သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ မန်ယူဟာ လက်ရှိရာသီတစ်လျှောက်မှာ အဆိုပါ အသက် (၂၁) နှစ်အရွယ်ကစားသမားလေးကို ကင်းထောက်စောင့်ကြည့်နေပြီး ပေါင် (၂၅) သန်းနဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့သိရပါတယ်။ ဘာဂ်ဝင်ဟာ ပြီးခဲ့တဲ့ နွေရာသီကမှ လက်ရှိအသင်းနဲ့ ၂၀၂၂ ခုနှစ်အထိဆက်ရှိမယ့် စာချုပ်မှာ လက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။

အဲဗာတန်အသင်းဟာ ချဲလ်ဆီးတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဘတ်ရှူဝါရီကို ပေါင်သန်း (၄၀) နဲ့ကမ်းလှမ်းပြီး ခေါ်ယူဖို့အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ အသက်(၂၅) နှစ်အရွယ် ဘယ်လ်ဂျီယံသားတိုက်စစ်မှူး ဘတ်ရှူဝါရီဟာ ပြင်သစ်ကလပ် မိုနာကိုအသင်းကို အငှားနဲ့ သွားရောက်ကစားဖို့ နီးစပ်နေသော်လည်း ချဲလ်ဆီးအသင်းဟာ ကစားသမားကို အပြီးသတ်သာရောင်းချသွားလိုနေတာကြောင့် မိုနာကိုရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘယ်လ်ဂျီယံကြယ်ပွင့် အီဒင်ဟာဇက်ကို ခေါ်ယူဖို့ အတွက် ချဲလ်ဆီးသတ်မှတ်ထားတဲ့ယူရိုသန်း (၁၀၀) ထက်လျော့နည်းတဲ့ ပမာဏကိုသာ ပေးချေသွားလိုတယ်လို့ Marca သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အီဒင်ဟာဇက်ဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်တော့တာကြောင့် လာမယ့် နွေရာသီမှာတော့ ဘာနေဗျူးကို ရောက်ရှိဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်ဟာ ချဲလ်ဆီးတောင်းဆိုတဲ့ ပမာဏထက် လျော့နည်းပြီးပေးချေလိုနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းကတော့ ယူရိုသန်း (၁၀၀) အောက်ဆိုရင် စဉ်းစားသွားမှာ မဟုတ်ဘူးလို့သိရပါတယ်။

လစ်ဗာပူးလ်ရဲ့ ဘင်ဖီကာ ကွင်းလယ်တိုက်စစ်မှူး ဂျောင်ဖီးလစ်အတွက် ပေါင် (၆၁) သန်းနဲ့ ကမ်းလှမ်းခဲ့မှုဟာ ပယ်ချခံခဲ့ရတယ်လို့ Correio da Manha သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အဆိုပါ အသက် (၁၉) နှစ်အရွယ်ကစားသမားလေးအတွက် လစ်ဗာပူးလ်အသင်းအပြင် မန်စီးတီး၊ ပီအက်စ်ဂျီ၊ ဘာစီလိုနာ၊ မိုနာကို အစရှိတဲ့ အသင်းတွေအားလုံးရဲ့ ကမ်းလှမ်းမှုကိုလည်းဘင်ဖီကာအသင်းက ပယ်ချထားတယ်လို့ သိရပါတယ်။ ပေါ်တူဂီကလပ် ဘင်ဖီကာဟာ ၄င်းတို့ရဲ့ လူငယ်ကစားသမားလေးအတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် (၁၀၅) သန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။

မိုနာကိုနည်းပြ အွန်နရီဟာ မန်ယူမှာ နေရာမရဖြစ်နေတဲ့ ဘယ်လ်ဂျီယံသား ဖယ်လိုင်နီကို ရာသီဝက်ငှားနဲ့ ခေါ်ယူဖို့မန်ယူအသင်းကို ဆက်သွယ်ခဲ့တယ်လို့ Daily Mail ကဖော်ပြသွားခဲ့ပါတယ်။ မိုနာကိုဟာ လက်ရှိရာသီမှာ ရုန်းကန်နေရပြီး လီဂူးဝမ်းအမှတ်ပေးဇယားရဲ့ အဆင့်(၁၉) နေရာအထိရောက်ရှိနေတာဖြစ်ပါတယ်။ နည်းပြ အွန်နရီအနေနဲ့ ချဲလ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်ကို ခေါ်ယူပြီးတဲ့နောက်မှာတော့ အသင်းရဲ့ကွင်းလယ်ပိုင်းကို ဖယ်လိုင်နီနဲ့ ထပ်မံအားဖြည့်သွားလိုနေတာ ဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ တိုက်စစ်မှူး ပီယာတက်ကို ခေါ်ယူဖို့ ဂျီနိုအာအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့Calcio Mercato သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အေစီမီလန်အနေနဲ့ ဂျူဗင်တပ်စ်ဆီက အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဟီဂွာအင်ကို ဆုံးရှုံးရဖို့ရှိနေတာကြောင့် အဆိုပါ ပိုလန်တိုက်စစ်မှူး ပီယာတက်ကို အဓိကပစ်မှတ်အနေနဲ့ သတ်မှတ်ထားတာဖြစ်ပါတယ်။ အေစီမီလန်အနေနဲ့ ပီယာတက်ကို ရရှိဖို့ အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ အလန်ဟာလီလိုဗစ်နဲ့ ဘာလိုတက်ချီတို့ကိုပါ ဂျီနိုအာဆီလက်လွတ်သွားရဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ တရုတ်ပြည်ကိုပြောင်းရွှေ့ဖို့နီးစပ်နေတဲ့ မာကိုအနာထဗစ် ရဲ့နေရာမှာ အစားထိုးဖို့ တိုရီနိုတိုက်စစ်မှူး ဘယ်လိုတီကို ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ Sky Sport Italia သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ဘယ်လိုတီဟာ စီးရီးအေမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရသူတစ်ဦးဖြစ်ပါတယ်။ တိုရီနိုကတော့ ၄င်းတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူး အတွက် ယူရိုသန်း (၆၀) ထက်မနည်း ရရှိသွားလိုနေတယ်
လို့သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ လိုင်ယွန်ကွင်းလယ်ကြယ်ပွင့် တန်ဂေး အန်ဒွန်ဘီလီကို ခေါ်ယူဖို့ ကစားသမားရဲ့အေးဂျင့်နဲ့တွေ့ဆုံသွားဖို့ရှိတယ်လို့ Sky Sport Italia သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ မန်စီးတီးနဲ့ ဘာစီလိုနာတို့ဟာလည်း အဆိုပါ အသက်(၂၂) နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အဲဒီထဲမှာမှ ဂျူဗင်တပ်စ်အသင်းဟာကစားသမားကို ခေါ်ယူရာမှာ လက်ဦးမှုရယူဖို့ အတွက် ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့စီစဉ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဘာစီလိုနာရဲ့ တာဝန်ရှိသူတစ်ချို့ဟာ အေဂျက်ကြယ်ပွင့် ဖရန်ကီဒီဂျောင်ကို ခေါ်ယူဖို့အတွက် နောက်ဆုံးအကြိမ်ဆွေးနွေးဖို့ အမ်စတာဒမ်ကို သွားရောက်ဆွေးနွေးခဲ့တယ်လို့ Mundo Deportivo သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ဒီဂျောင်ဟာ ဥရောပရဲ့ အလားအလာကောင်းတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ပီအက်စ်ဂျီ၊ မန်စီးတီး အစရှိတဲ့ အသင်းတွေကလည်းခေါ်ယူဖို့ အပြိုင်ချိတ်ဆက်နေကြပါတယ်။ ဒါပေမယ့်လည်း ကစားသမားဟာ ဘာစီလိုနာကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အဲဗာတန်ကွင်းလယ်လူ Gueye ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာတယ်လို့ ပြင်သစ်အခြေစိုက်L’Equipe သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ လက်ရှိရာသီအကုန်မှာ ရာဘီယော့ထွက်ခွာဖို့သေချာသလောက်ရှိနေတာကြောင့် ၄င်းတို့ရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းလိုနေတာဖြစ်ပြီး အဆိုပါ ဆီနီဂေါသားကို ဦးစားပေးပစ်မှတ်အဖြစ်စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီဟာ ဇင်းနစ်ကွင်းလယ်လူ ပါရီဒက်စ်နဲ့ ဒေါ့မွန်ကွင်းလယ်လူ ဂျူလီယန်ဝစ်ဂယ်တို့ကိုလည်း စောင့်ကြည့်နေပါတယ်။