ချဲလ်ဆီးအသင်းဟာ လစ်ဗာပူးလ်ကွင်းလယ်လူဟောင်း ကော်တင်ဟိုကို ခေါ်ယူဖို့အတွက် ဘာစီလိုနာကို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ Express ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးဟာ ကော်တင်ဟိုအတွက် ဘာစီလိုနာကို ပေါင်သန်း (၁၀၀) နဲ့စတင်ဈေးခေါ်ခဲ့တယ်လို့ သိရပါတယ်။ ကော်တင်ဟိုဟာ လက်ရှိရာသီဝက်လောက်ကနေ စလို့ နည်းပြ ဗယ်ဗာဒီလက်အောက်မှာပွဲထွက်ခွင့်ရုန်းကန်နေရတာကြောင့် မကြည် မလင်ဖြစ်နေတယ်လို့ သိရပါတယ်။ အသက် (၂၆) နှစ်အရွယ် ဘရာဇီးသား ကော်တင်ဟိုကို မန်ချက်စတာယူနိုက်တက်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ်က သူ့ရဲ့အပြောင်းအရွှေ့ ကောလဟလသတင်းတွေအပေါ်မှာ ငြင်းဆန်သွားခဲ့ပြီး ဘာနေဗျူးကွင်းမှာပဲ ဆက်ရှိသွားလိုကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ Ballon d’Or ဆုရှင် ခရိုအေးရှားသား မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ၂၀၂၀ ခုနှစ်မှ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ဆီဗီလာကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် အပြီးမှာတော့ သူ့အနေနဲ့ ရောက်စတုန်းကလိုပဲ အသင်းမှာ ပျော်ရွှင်နေပြီး အချိန်ကာလတစ်ခုအထိ ဆက်နေသွားလိုတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ မိုဒရစ်ဟာ အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခြင်း ခံနေရသူဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားဖို့ ချိတ်ဆက်ခြင်းခံနေရတဲ့ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် ပစ်မှတ် လိုင်ယွန်ကွင်းလယ်တိုက်စစ်မှူး နာဘီလ်ဖီကီယာဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ လက်ရှိရာသီအကုန်မှာ ဆုံးဖြတ်ချက်ချသွားဖို့ မျှော်မှန်းထားတယ်လို့ Le Progres သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်သား ဖီကီယာအနေနဲ့ အင်္ဂလန်ကို ရောက်လာနိုင်သလို စီနီယာကစားသမားဘဝ တစ်ခုလုံးဖြတ်သန်းခဲ့တဲ့ လိုင်ယွန်အသင်းမှာပဲ ရေရှည်ဆက်နေသွားဖို့လည်း
ဖြစ်နိုင်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ဂျာမန်ဘွန်ဒက်လီဂါကလပ် ရှော်ကေးအသင်းရဲ့ ကွင်းလယ်ကစားသမား ဆဘတ်စ်စတီယန် ရူဒီကို အံ့အားသင့်ဖွယ်ရာ ရာသီဝက် အငှားခေါ်ယူဖို့ ကမ်းလှမ်းလိုက်တယ်လို့ The Sun သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ဘိုင်ယန်မြူးနစ်မှာ နည်းပြခဲ့စဉ်က အဆိုပါ ကွင်းလယ်လူရဲ့ ခြေစွမ်းကို မြင်တွေ့ဖူးသူဖြစ်ပြီး လက်ရှိအသင်းရဲ့ ကွင်းလယ်အထိုင် ဖာနန်ဒင်ဟိုအတွက် အရန်ကစားသမားအဖြစ် ခေါ်ယူဖို့ စောင့်ကြည့်နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ချက်စတာစီးတီးရဲ့ ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူဖို့ပစ်မှတ်ထားလာတယ်လို့ Mirror သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ပေါ်တူဂီသား ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားဟာနည်းပြ ပက်ဂွာဒီယိုလာရဲ့ ကစားကွက်မှာ အဓိက ကစားသမားဖြစ်လာခဲ့ပြီး ဒေးဗစ်ဆေးလ်ဗားရဲ့ နေရာမှာရေရှည် အစားထိုးနိုင်မယ့် ကွင်းလယ်လူအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ ရီးရဲလ်ဟာ အဆိုပါ ပေါ်တူဂီကြယ်ပွင့်ကို လက်ရှိရာသီအကုန် နွေရာသီအပြောင်းအရွှေ့မှာ ကမ်းလှမ်းသွားနိုင်တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ဘိုင်ယန်မှာကစားနေတဲ့ ရီးရဲလ်ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်စ်ကို ခေါ်ယူဖို့ကြိုးစားရာမှာအပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသင်းမှာ ပုံမှန်နေရာမရတဲ့ အိုဇေးလ်နဲ့ အလဲအထပ် လုပ်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ ကိုလံဘီယာသား ဂျိမ်းစ်ရိုဒရီဂွက်စ်ဟာ လက်ရှိရာသီမှာ ရုန်းကန်နေရတဲ့အတွက် အသင်းပြောင်းရွှေ့လိုနေတယ်လို့ သိရပြီး အာဆင်နယ်အနေနဲ့ကလည်း နည်းပြအမ်မရီလက်အောက်မှာ ကစားခွင့်သိပ်မရတဲ့ အိုဇေးလ်ကိုရောင်းချလိုနေတာ
ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်စီးတီး လူငယ်ကစားသမားလေး ဘရာဟင်ဒိုင်းယက်စ်ကို ခေါ်ယူပြီးတဲ့နောက်ပိုင်းမှာတော့ လက်ရှိဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာ နောက်ထပ် အင်အားဖြည့်တင်းမှု ပြုလုပ်တော့မှာ မဟုတ်ဘူးလို့ AS သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အပြောင်းအရွှေ့ဈေးကွက်မှာ နာမည်ကြီးကစားသမားအချို့နဲ့ နာမည်ထွက်နေသေးပေမယ့်လည်း လက်ရှိရာသီအကုန်အထိစောင့်ဆိုင်းပြီး နွေရာသီမှာမှ ဈေးကွက်ထဲကို ပြန်လည်ဝင်ရောက်လာမှာဖြစ်တယ်လို့ သိရပါတယ်။

စပါးအသင်းဟာ မိုချန်ဂလာဘတ်ကွင်းလယ်လူ ဂျိုးနက်စ်ဟော့ဖ်မန်းကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ ဂျာမန်အခြေစိုက် Bild သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ စပါးအသင်းအနေနဲ့ အဆိုပါ အသက် (၂၆) နှစ်အရွယ် ကစားသမားလေးအတွက် ဂလာဘတ်အသင်းနဲ့ ကနဦးဆွေးနွေးမှုတွေတောင် ပြုလုပ်ခဲ့ပြီးပြီလို့ သိရပါတယ်။ ဟော့ဖ်မန်းဟာ မိုချန်ဂလာဘတ်ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပေမယ့် လည်း စပါးအသင်း ကမ်းလှမ်းမယ့် လုပ်ခလစာတွေကိုတော့ ငြင်းပယ်နိုင်စွမ်းရှိမှာ
မဟုတ်ဘူးလို့ သိရပါတယ်။

ဘာစီလိုနာကို ပြီးခဲ့တဲ့ နွေရာသီမှာမှ ရောက်ရှိလာခဲ့ပြီး နေရာရဖို့ ရုန်းကန်နေရတဲ့ ဘရာဇီးသား မယ်လ်ကွန်ဟာ နူးကမ့်ကို စွန့်ခွာဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ အဆိုပါ (၂၁) နှစ်အရွယ် တောင်ပံကစားသမားကို တရုတ်စူပါလိဂ်ကလပ် ကွမ်ကျိုးအဲဗားဂရန်းက ပြောင်းရွှေ့ကြေးများပြားစွာနဲ့ ကမ်းလှမ်းလာဖို့ ရှိတယ်လို့ သိရပါတယ်။ Marca သတင်းဌာနရဲ့ဖော်ပြချက်အရ ကစားသမားကိုယ်တိုင်ကလည်း ပွဲထွက်ခွင့်ပုံမှန်ရရှိနိုင်တဲ့အပြင် ငွေကြေးအများအပြား ရရှိနိုင်မယ့် အခွင့်အလမ်းကို ရွေးချယ်သွားနိုင်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဟာ တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို လက်ရှိရာသီအကုန်မှာခေါ်ယူဖို့ စောင့်ကြည့်နေကြတယ်လို့ သတင်းအချို့က ဖော်ပြလိုက်ပါတယ်။ လက်ရှိအချိန်မှာ ဖေဖော်ဝါရီလကုန်အထိ အနားယူရဖွယ်ရှိနေတဲ့ ဟယ်ရီကိန်းအနေနဲ့ လက်ရှိရာသီအကုန်မှာ စပါးအနေနဲ့ ချန်ပီယံလိဂ်မဝင်ခဲ့ပါက အသင်းပြောင်းဖို့စဉ်းစားနိုင်တယ်လို့ သိရပါတယ်။ အသက် (၂၅) နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးကိန်းကို ရီးရဲလ်မက်ဒရစ်ကလည်း အပြိုင်ခေါ်ယူဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။