လီဗာပူး ခံစစ်မှူး ဗန်ဒိုက်က ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား အဖြစ် မှတ်ကျောက်တင်နေပြီး လီဗာပူး ပရီးမီးယားလိဂ် ဖလားရသည် ဖြစ်စေ မရသည်ဖြစ်စေ ဗန်ဒိုက်ကတော့ ဒီရာသီ PFA အကောင်းဆုံး ကစားသမားဆု ရရှိသွားနိုင်တယ်လို့ လီဗာပူး ကစားသမားဟောင်းကြီါ် ဂျွန်ဘန်းစ်က ချီးကျူးလိုက်ပါတယ်။

လီဗာပူးအသင်း ပစ်မှတ်ထားနေတဲ့ တီမိုဝါနာကို လိုက်ပ်ဇစ်အသင်းဘက်က အသင်းမှာ ဆက်ရှိနေစေဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ တီမိုဝါနာကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးက ဘိုင်ယန်မြူးနစ်ဖြစ်ပြီး ဘိုင်ယန်ဘက်ကသာ တကယ်အလိုရှိကာ ဖိအားပေးလာပါက ကစားသမားကို ထိန်းချုပ်ဖို့တော့ ခက်ခဲမှာ ဖြစ်တယ်လို့ လိုက်ပ်ဇစ်အသင်းနည်းပြက ၀န်ခံထားပါတယ်။

အက်သလက်တီကို ညာခြမ်းခံစစ်မှူး အီမာဆန်ကို ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေထဲမှာ လီဗာပူးလည်း ပါဝင်နေတယ်လို့ စပိန်သတင်းများမှာ ဖော်ပြလာပါတယ်။ အသက် ၂၀ သာ ရှိသေးတဲ့ ဘရာဇီးသား ခံစစ်မှူးကို ဥရောပ ကလပ်အသင်း တော်တော်များများက မျက်စိကျနေကြပါတယ်။

ချယ်ဆီးအသင်းနဲ့ ဟီဂူအင်ကြား အပြောင်းအရွှေ့များက အပြီးသတ်သလောက် ဖြစ်ခဲ့ပြီး ကစားသမားကိုယ်တိုင် လန်ဒန်သို့ လာနေပြီ သတင်းများ ထွက်နေပေမယ့် ဟီဂူအင်ရဲ့ ကိစ္စက လေထဲမှာသာ ရှိသေးပြီး အချိန်မရွေး ပျက်ပြယ်သွားနိုင်သေးတယ်လို့ အေစီမီလန်အသင်း လက်ထောက် နည်းပြ က သတိပေးလိုက်ပါတယ်။

အခြားသတင်းတရပ်မှာတော့ ဂျီနိုအာ တိုက်စစ်မှူး ပီယာတက်က အေစီမီလန်အသင်းဆီ ပြောင်းရွှေ့ဖို့ ယူရို ၃၅ သန်း၊ ၅ နှစ်စာချုပ်နဲ့ သဘောတူညီမှု ရခဲ့ပြီလို့ ပါရှိပါတယ်။ ဒါကြောင့် ဟီဂူအင်နဲ့ ချယ်ဆီး အပြောင်းအရွှေ့၊ မိုရာတာရဲ့ အက်သလက်တီကိုသို့ အပြောင်းအရွှေ့ သတင်းထုတ်ပြန်မှုတွေလည်း မကြာမီ ဆက်တိုက် တက်လာဖွယ် ရှိပါတယ်။

ချယ်ဆီးနည်းပြ ဆာရီက အာဆင်နယ်ကို ရှုံးတဲ့ပွဲအပြီးမှာ ကစားသမားတွေကို သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အ၀တ်လဲခန်းထဲမှာတော့ ကစားသမားတွေနဲ့ ငြိမ်းချမ်းစွာ ပြောဆိုဆွေးနွေးမှု မိနစ် ၂၀ ကြာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လန်ဒန်ဒါဘီမှာ ရခဲ့တဲ့ ဒူးဒဏ်ရာက ပြင်းထန်တာကြောင့် အာဆယ်နယ် ခံစစ်မှူး ဘယ်လာရင်ဟာ လက်ကျန် ရာသီကုန်ထိ နားရမယ့် အပြင် နောက်ဘောလုံးရာသီ အစဦးကာလတွေပါ လွဲချော်ဖွယ် ရှိနေပါတယ်။ ၄င်းရဲ့ ဒဏ်ရာက ၆လကနေ ၉လထိ ကြာဖွယ် ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အာဆင်နယ်အသင်းဟာ အမ်မရီကိုယ်တိုင် ဦးဆောင်ပြီး အသင်းစည်းလုံးမှု တည်ဆောက်တဲ့ လှုပ်ရှားမှု အဖြစ် ရောင်စုံသေနတ်ပစ် Paint Ball ဂိမ်း အသင်းလိုက် သွားရောက် ကစားခဲ့ကြပါတယ်။

မစ်လင်တက် ထွက်ခွာမှာ ဖြစ်လို့ အာဆင်နယ်အသင်းဟာ ကစားသမားကောင်းတွေ ရှာဖွေခေါ်ယူရာမှာ ဆရာတစ်ဆူ ဖြစ်တဲ့ ရိုးမားမှ မွန်ချီကို နည်းစနစ် ဒါရိုက်တာ အဖြစ် ခန့်အပ်ရန် နံပါတ် ၁ ပစ်မှတ်ထား ကြိုးပမ်းနေပါတယ်။

ယူနိုက်တက် ခံစစ်မှူး ဒါမီးယန်းကို ခေါ်ယူဖို့ ညှိနှိုင်းထားတဲ့ ဂျူဗင်တပ်ရဲ့ လမ်းကြောင်းထဲကို အင်တာမီလန်ကလည်း ၀င်ရောက်လာပါတယ်။ ဂျူဗင်တပ်ဟာ ဒါမီးယန်းကို လက်ကျန်ရာသီအတွက် အငှားခေါ်ပြီး အပြီးသတ်ခေါ်ယူခွင့်ပါ ထည့်သွင်း ကမ်းလှမ်းထားခဲ့တာပါ။

ယူနိုက်တက်နဲ့ အာဆင်နယ်တို့ကြား ဆန်းချက်နဲ့ မီခီတာရန် အလဲအထပ်ပြုလုပ်ခဲ့တာ အပြောင်းအရွှေ့ တစ်နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ မနှစ်က ဆန်းချက်ရောက်လာစဉ် စိတ်လှုပ်ရှားစွာ တွစ်တာမှာ ရေးသားခဲ့တဲ့ ယူနိုက်တက် ပရိသတ်တွေရဲ့ စာသားတွေ အောက်မှာ အာဆင်နယ် ပရိသတ်များက ၀င်ရောက် လှောင်ပြောင်မှုတွေ ရှိနေပါတယ်။

ယူနိုက်တက် ဂိုးသမား ဒီဂီယာက စပါးနဲ့ပွဲစဉ်မှာ ခြေထောက်နဲ့ ကာကွယ်မှု ၄ ကြိမ်ပြုလုပ်ခဲ့ပြီး ဒါဟာ ၂၀၁၇ ဧပြီလ ပဲလေ့စ် – ချယ်ဆီးပွဲမှာ ဂိုးသမား ဟန်နက်ဆီ ကာကွယ်မှု နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဂိုးသမား တစ်ယောက် ခြေနဲ့ကာကွယ်မှု အများဆုံး ပြန်လည် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးကွင်းလယ် ဖန်တီးရှင် ဘာနာဒိုဆေးလ်ဗားကို ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ရှိနေပေမယ့် ကစားသမားကတော့ စီးတီးနဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ စဉ်းစားနေပါတယ်။ ဆေးလ်ဗားက စီးတီးမှာ ပျော်ရွှင်နေပြီး လက်ရှိ စာချုပ်ကလည်း ၂၀၂၂ ထိ ရှိနေပါတယ်။

မန်စီးတီးရဲ့ ဘယ်ခြမ်းခံစစ်မှူး ဘန်ဂျမင် မန်ဒီက ဗုဒ္ဓဟူးနေ့ည ဘာတန်နဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ပြန်လည် ပါဝင်လာဖွယ် ရှိပါတယ်။ အသက် ၂၄ နှစ်အရွယ် ခံစစ်မှူးဟာ ဒူးဒဏ်ရာကနေ ပြန်လည် သက်သာကောင်းမွန် လာတာပါ။

မန်စီးတီး မန်နေဂျာ ဂွာဒီယိုလာက မန်ဒီ ပြန်လည် ပါဝင်လာနိုင်မှာ ကို ကြိုဆိုလိုက်ပြီး အသင်းအနေနဲ့ မန်ဒီလို ကစားသမားမျိုးကို သတိရနေရတယ်လို့ ပြောကြားလိုက်ပါတယ်။ ‘သူက ရပ်တန့်လို့ မရနိုင်တဲ့ ကစားသမားမျိုး.. အထူးသဖြင့် ကွင်း ၃ချိုး ၁ ချိုး ပြိုင်ဘက်ဧရိယာထဲမှာပါ။ သိပ်ပါးနပ်တဲ့သူလည်း ဖြစ်တယ်.. ဖြတ်တင်ဘောတွေကို တင်ရပြီးရော ကန်တင်တဲ့သူမျိုး မဟုတ်ဘဲ တကယ် ပါးရည်နပ်ရည်ရှိသူပါ။’ လို့ ဂွာဒီယိုလာက ချီးကျူးလိုက်ပါတယ်။

စပါးအသင်း အပြီးသတ် ထုတ်ရောင်းလိုနေတဲ့ တိုက်စစ်မှူး Vincent Janssen ကို ဒီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဘန်လေအသင်းက စိတ်ဝင်စားဟန် ပြသလာပါတယ်။ ၄င်းကို ခေါ်ယူဖို့ တရုတ်နဲ့ အမေရိကဘက်က ကလပ်အသင်းများကလည်း စိတ်ဝင်စားနေကြပါတယ်။

တောင်ကိုရီးယားအသင်းဟာ အာရှဖလား ရှုံးထွက်အဆင့်မှာ ဘာရိန်းကို ၂-၁ နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်သွားပါပြီ။ ဒါကြောင့် စပါးပရိသတ်တွ စောင့်စားနေတဲ့ တိုက်စစ်မှူး ဆွန်ယောင်မင် ပြန်လာနိုင်ဦးမှာ မဟုတ်ပါဘူး။

တော့တင်ဟမ် ကွင်းလယ်ကစားသမား အလီဟာ ဖူလ်ဟမ်နဲ့ပွဲမှာ ရခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် သီတင်းပတ် ၆ပတ်ကြာ အနားယူရတော့မှာ ဖြစ်ပြီး မတ်လ အစောပိုင်းမှသာ ပြန်လည် ကစားနိုင်ဖွယ် ရှိပါတယ်။