ယူရိုပါလိဂ် ရှူံးထွက်အဆင့်အတွက် ချယ်ဆီးအသင်း လူစာရင်းကို ထုတ်ပြန်ကြေညာချက် ပြုလုပ်လာခဲ့ပြီဖြစ်ပြီး ဆာရီရဲ့ လူစာရင်းမှာတော့ ကစားသမားသစ် ဟီဂွာရင်အပြင် အံ့သြစရာ ကစားသမားလည်း ပါဝင်လာခဲ့ပါတယ်။ ဆာရီ ထည့်သွင်းလိုက်တဲ့ ကစားသမားကတော့ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ပါဝင်ကစားခွင့် ရခဲ့ပြီးကတည်းက အသင်းလူစာရင်းထဲ ပါဝင်ခွင့်မရတော့တဲ့ ဒရင့်ဝါးသားကို ထည့်သွင်းလိုက်ခြင်းဖြစ်ပါတယ်။

ချယ်ဆီးကစားသမားဟောင်းကြီး အက်ရှ်လေ ကိုးလ်က ချယ်ဆီးမှာ ၄င်းရဲ့ အနှစ်သက်ဆုံး မန်နေဂျာက ကိုလာရီ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စကိုလာရီက ချယ်ဆီးမှာ သက်တမ်း မကြာရှည်ခဲ့ပါဘူး။ 2008/09 ဘောလုံးရာသီအစမှာ စတင် တာဝန်ယူခဲ့ပေမယ့် 2009 ဖေဖော်ဝါရီမှာပဲ ထုတ်ပယ်ခံခဲ့ရတာပါ။

ချယ်ဆီးတိုက်စစ်သမား အီဒင်ဟာဇက်က ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို ခဲတစ်လုံး ချလိုက်ပြန်ပါပြီ။ ရီးရဲလ်နဲ့ သတင်းတွေ ငြိမ်သက်နေချိန်မှာပဲ ဟာဇက်က ၄င်းရဲ့ အနာဂတ်အတွက် အဆုံးအဖြတ်တစ်ခု စိတ်ထဲမှာ ချပြီး ဖြစ်တယ်လို့ ပြောကြားလိုက်တာပါ။ RMC က ပြုလုပ်တဲ့ ဟာဇက်ရဲ့ ကစားသမားဘဝ documentary မှာ သူကိုယ်တိုင်ကပဲ “ ကျနော် ဘာလုပ်ရမယ်ဆိုတာ နားလည်ပါတယ်။ ဆုံးဖြတ်ချက်လည်း ချခဲ့ပါပြီ ” လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့တာဖြစ်တယ်။

ချယ်ဆီးအသင်းက ဟာဇက်ကိုသာ လက်လွှတ်ရရင် သော်ဂန်ဟာဇက်ကို ခေါ်ယူဖို့ အတည် ကြိုးစားသင့်တယ်လို့ ဂါးဒီးယန်း သတင်းစာမှာ သုံးသပ်ဖော်ပြသွားပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဇန်န၀ါရီ အပြောင်းအရွှေ့မှာ မအောင်မြင်ခဲ့တဲ့ ချယ်ဆီး လူငယ်တိုက်စစ်သမား အိုဒွိုင်းကို လာမယ့်နွေမှာ ခေါ်ယူဖို့ နောက်ထပ် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ဦးမယ်လို့ သိရပါတယ်။