မန်စီးတီးအသင်းဟာ ကစားသမား ၀ယ်ယူမှုများ မတိုင်ခင် ရောင်းချမှုများကို အရင် ပြုလုပ်သွားမှာ ဖြစ်ကြောင်း အသင်း တာဝန်ရှိသူများက ပြောဆိုထားပါတယ်။

ဘရာဇီးနည်းပြ Tite ကတော့ ကိုပါ အမေရိကဖလားပွဲစဉ်များ မတိုင်ခင် လေ့ကျင့်မှုများမှာ မန်စီးတီး တိုက်စစ်မှူး ဂျီဆုရဲ့ ခြေစွမ်းကို နှစ်ခြိုက်သဘောကျနေပါတယ်။ ဂျီဆု ခြေစွမ်းကောင်းတွေ ပြန်ရလာခြင်းနဲ့ ယုံကြည်မှု ရှိနေခြင်းကို ကျေနပ်နေကြောင်း Tite က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ကွန်ပနီနေရာ ဆက်ခံဖို့ ဘရာဇီးသား ခံစစ်မှူး မူရီလိုကို ပစ်မှတ်ထားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ် အရွယ် ခံစစ်မှူးဟာ ဘရာဇီးကလပ် Cruzeiro မှာ ကစားနေပြီး ၄င်းကို ပေါင် ၁၅ သန်းခန့်နဲ့ ရနိုင်ဖွယ် ရှိနေပါတယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာဟာ ချန်ပီယံလိဂ်ဖလားကို အနိုင်ရအောင် စွမ်းဆောင်ပေးပြီးရင် မန်နေဂျာလောကကနေ အနားယူဖို့ စဉ်းစားနေပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ရာသီ အပိတ်ခံရမယ်လို့ သတင်းကြီးနေတာကြောင့် လာမယ့်ရာသီမှာတော့ မန်စီးတီးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို အာစိုက်ပြီး ယှဉ်ပြိုင်လာဖို့ ရှိနေပါတယ်။

မန်စီးတီးက လက်မှတ်ထိုး ခေါ်ယူမယ်လို့ သတင်းကြီးနေတဲ့ ပြင်သစ်သား လူငယ်ကစားသမား Lucien Agoume ဟာ စီးရီးအေကလပ် အင်တာမီလန်ကိုပဲ ပြောင်းရွှေ့ သဘောတူညီခဲ့ပါပြီ။ အပြောင်းအရွှေ့က ပေါင် 5 သန်း တန်ကြေးရှိတယ်လို့ သိရပါတယ်။

မန်စီးတီးဟာ မန်နေဂျာဂွာဒီယိုလာကို လက်လွတ်ရတဲ့အချိန်မှာ အစားထိုးဖို့ရာ စပါးအသင်း မန်နေဂျာ ပိုချက်တီနိုကို ဦးစားပေးအဖြစ် ရွေးချယ်ထားတယ်လို့ သိရပါတယ်။

မန်စီးတီး လက်ထောက်နည်းပြ အာတီတာက ဂွာဒီယိုရဲ့ လက်ထောက်အဖြစ် အောင်မြင်တဲ့ အနေအထားကို ပိုင်ဆိုင်ထားပေမယ့် အနာဂတ်မှာ မန်နေဂျာအဖြစ် လုပ်ကိုင်ရဖို့က သူ့ရဲ့ ရည်မှန်းချက်ပါလို့ ထုတ်ပြောလာပါတယ်။